မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၂)

မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၂)

မိပျင်းရယ်…ကံဆိုးမလေး
ပြင်ဆင်ခွင့်မရှိတဲ့ကံကြမ္မာတွေအတွက်
ဒဏ်ရာအနာတရတွေကိုငဲ့ကြည့်
ကျားသစ်တစ်ကောင်လို
နာနာကျည်းကျည်းငိုကြွေးနေပြီလား
လောကကြီးကို ဖက်ပြိုင် ရန်လုပ်နေတုန်းလား
မပျော်နိုင်တဲ့ရက်တွေ များတုန်းလား
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတိုင်း
ရှိုက်ရှိုက်ငိုတုန်းပဲလား

မိပျင်းရယ်…မေတ္တာငတ်မလေး
မယုံကြည်မှုတွေ တိုက်စားရင်း
နေ့လား ညလားမသေချာတဲ့ ဘ၀မှာ
ဆန္ဒကိုခေါက်သိမ်း
ဘ၀ကို အလိုက်တသိနဲ့ ဖြတ်သန်းတတ်နေပြီလား
ချစ်ခြင်းမေတ္တာအတွက် တာဝန်ဝတ္တရားတွေအတွက်
ခေါင်းကိုငုံ့ မာနတွေခ၀ါချတတ်နေပြီလား
ဘ၀အနာတွေရင်းလာတိုင်း
သေရာပါအောင် မျိုချနေတုန်းပဲလား

မိပျင်းရယ်…မြက်ရိုင်းမလေး
ဖြစ်ချိန်တန်ရင် ဖြစ်လာတတ်တဲ့ ကံတရားအတွက်
ကြာချိန်တန်ရင် ကြာတတ်တဲ့ ကံကြမ္မာအတွက်
ဖြစ်တတ်တာတွေ မဖြစ်ဖို့ ၊ ကြာတတ်တာတွေ မကြာဖို့
ဆုတစ်တောင်းစာ အကွာအဝေးမှာ
မိုးဒဏ်လေဒဏ်ကြံ့ကြံ့ခံရင်း
မြက်ရိုင်းတစ်ပင်လို အလေ့ကျပေါက်တုန်းလား
ရှင်သန်ပါ လန်းဆန်းပါ
လွမ်းပါ နာပါ
ချစ်ခြင်းမေတ္တာကို …. အထူး…ယုံကြည်ပါ ။

photo credit to original owner



Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.