မိပျင်း (သို့မဟုတ်) ကံဆိုးမလေး (၁)
မိပျင်းရယ်…ကံဆိုးမလေး
တောင်စဉ်ရေမရအတွေးမျှင်တန်းနောက်မှာ
တကောက်ကောက်လိုက်ရင်း
ရွက်ကြွေတစ်ရွက်လို
လေနှင်ရာ လွင့်နေပြီလား
ဂျင်းဘောင်းဘီ အရောင်ရင့်ရင့် တွေကိုနှစ်သက်တုန်းလား
ရင်ကွဲပက်လက် ငိုချင်းချတုန်းလား
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းမကျတိုင်း
ရှိုက်ရှိုက်ငိုတုန်းပဲလား
မိပျင်းရယ်…မေတ္တာငတ်မလေး
အဆိုးထဲက ကောင်းကွက်ကိုရှာရင်း
ရှာမတွေ့တဲ့အခါတိုင်း ဖြစ်ရလေခြင်းဆိုပြီး
တနင့်တပိုး ဒဏ်ရာတွေကို
အနာဖေးထပ်ခွာပြန်ပြီလား
ဝေးနေတာပဲကောင်းပါတယ်လို့ တွေးမိနေပြီလား
မလွမ်းဘူးလို့ ဟန်ဆောင်နေတုန်းလား
ဘ၀အနာတွေရင်းလာတိုင်း
သေရာပါအောင် မျိုချနေတုန်းပဲလား
မိပျင်းရယ်…မြက်ရိုင်းမလေး
ရောက်လေရာမှာ လောကဒဏ်တရားကို
မျက်စိဒေါက်ထောက်ကြည့်ရင်း
မြက်ရိုင်းတစ်ပင်လို
အလေ့ကျ ပေါက်တုန်းပဲလား
များများခုတ်လေ ပိုသန်လေ လို့ အံကြိတ်ဆိုတုန်းလား
နွေနေပူကို အံတုခေါင်းမော့နေတုန်းလား
မိုးခေါင်…ရေတွေရှားလာတိုင်း မြစိမ်းရောင်အတိတ်ဟာ
လွမ်းလောက်စရာမရှိဘူးလို့ လိမ်ညာနေတုန်းပဲလား ။
ရောက်ခဲ့တယ် ဖတ်သွားတယ် ဆုမြတ်ရေ။
ကျေးဇူးပါတီတင့်ရယ်…နှစ်သစ်မင်္ဂလာပါး)