စက်တင်ဘာမိုး

အေးခဲစွာကျဆုံးခဲ့သောအကြောင်းအရာတွေကို တူးဖော်ဖို့အတွက်အင်အားမရှိရိုးအမှန်ပါ ။ ခံစားချက်နဲ့တိုက်ဆိုင်ဖူးတဲ့တေးသွားတစ်ပုဒ်ကို အကြောင်းမဲ့သက်သက် တစ်ပတ်ပြီးတစ်ပတ်ကျော့နေမိရုံနဲ့ အဟောင်းတွေအသစ်မဖြစ်နိုင်ဘူးလေ ။ အဝေးထွက်သွားသူတစ်ယောက်ရဲ့အကြောင်းကိုပြောရမယ်ဆိုရင် စွယ်တော်ရွက်ကြွေတချို့ကိုအရင်ဆုံးမြင်ယောင်ရင်း နှစ်လွှာပေါင်းရင်တောင် တစ်ရွက်ဖြစ်ခွင့်မရရှာတော့တဲ့ တစ်ခြမ်းပဲ့စွယ်တော်ဘ၀မှာ အမည်နာမတစ်ခုသာ တစ်ဖက်သတ်ကျန်ရစ် ။ စက်တင်ဘာရဲ့မိုးစက်တွေကတော့ အလွမ်းတွေကိုပင့်သက်တကြွေခြွေချလို့ ။ ကြယ်တွေကိုမျှော်ရင်း တိတ်တိတ်ကလေးဆုတောင်းပြီး ပြိုးပြိုးပြက်ပြက်ရင်ခွင်ထဲတစ်ယောက်ထဲသာလင်းကျန်ရစ်တယ်။

နွေးထွေးမှုမရှိတော့တဲ့အပြုံးတွေနောက်မှာ တကယ်ပါ..ခံစားချက်အရောင်တွေကိုသိချင်လွန်းလို့အရဲစွန့်စွာစကားဆိုခဲ့တာပါ ။ ရှောင်ပုန်းဖို့ရည်ရွယ်ခဲ့ရင် ဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုအရင်ဆုံးဖြေခဲ့ပါဦး ။ အကြည့်စူးစူးတွေရဲ့ဘာသာစကားမှာ နားလည်ခွင့်မရှိတဲ့သင်ရိုးညွှန်းတမ်းကိုပြဌာန်းထားမှန်းမသိနိုင်ခဲ့ ။ မိန်းကလေးတစ်ယောက်ရဲ့ရင်ခွင်လွဲမှတ်တမ်းမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်သာ ရည်ရွယ်ခဲ့ရင် အိပ်မက်အလွမ်းတွေနဲ့ဇာတ်လမ်းမပေးသင့်ခဲ့ဘူးလေ။ ကတိက၀တ်မပါတဲ့ရင်တွင်းစာချုပ်ကို တစစီခြေမှုန်းခဲ့တယ် ။
ခပ်လွင်လွင်ရယ်သံတွေကို ဆွေးမြေ့စွာလုပ်ယူရင်း ပါဝင်ခွင့်မရတော့တဲ့ဇာတ်လမ်းတစ်ခုကိုအဝေးကထိုင်ကြည့်နေရုံပါ ။

ခပ်ပြင်းပြင်းနာကျင်ခြင်းမျိုးနဲ့ပြတ်သားချင်ခဲ့ပါရဲ့။ အိပ်မက်ဆန်တဲ့အတိတ်ရက်တွေကို အနာတရရှင်သန်ခြင်းကလွဲရင်ဖြတ်သန်းဖို့အင်အားမဲ့ ။ စွပ်စွဲချက်တချို့နဲ့အပြစ်တင်စကားတွေမျှော်လင့်မိပေမယ့် တကယ်ကိုပျောက်ဆုံးရုံကလွဲရင်အဖြေရှာမရခဲ့..တကယ်ပဲဖြေရှင်းချက်မဲ့ ။ ထားရှိခဲ့ဖူးသောသစ္စာနဲ့မေတ္တာကိုသာ တွင်တွင်ကြီးရွတ်ဆိုရင်းတကယ်ပဲအကြောင်းမဲ့သက်သက်။ ချစ်ခြင်းတစ်ခုရဲ့ဖြူစင်ရိုးသားမှုက ရင်ခုန်သံထပ်တူကျသူအဖို့သာ။ မှုန်ရီသွားသော နရီလွဲပုံပြင်တစ်ပုဒ်ရဲ့သစ္စာရှင်းတမ်းအဖို့ကတော့ ကိုးကွယ်ရာမဲ့သံယောဇဉ်တစ်ခု ။အနှစ်သာရမဲ့ဘ၀နေ့ရက်တွေအတွက် ဦးတည်ရာမဲ့မျက်ရည်စက်တွေက စက်တင်ဘာမိုးလို သည်းကြီးမည်းကြီး ။

မှားယွင်းစွာပက်သက်ခဲ့လေခြင်းရယ်လို့ စိတ်ထွက်ပေါက်အပြစ်တွေမရှာရက်ခဲ့ ။ “ဘီလူးခေါင်းလေးနဲ့ချစ်သူလေးမောင်ရယ်” လို့လည်းအပြစ်မတင်ရက်ခဲ့ ။ ဆုံးရှုံးမှုတွေနဲ့အသားကျအောင်ကြိုးစားရုံ ။ စွဲလမ်းရူးသွပ်မျှော်လင့်ချက်မဲ့စွာ အသဲတွေသာကွဲကြေရင်း ။ ထွက်ပေါက်မဲ့စွာကြေကွဲရခြင်းအတွက် ဘယ်လောက်ဒဏ်ရာပဲနက်နက် နှုတ်ဆိတ်စွာနဲ့မသိချင်ယောင်ဆောင် ၊ မျက်လုံးပေါင်းများစွာရဲ့သနားကြည့်တွေအောက်မှာ သွေးရူးတမ်းရူးကျဆုံးခြင်းတွေကို ဟန်ဆောင်ပန်ဆောင်ရယ်မောရင်း နောက်ထပ်ဆိုတဲ့စကားလုံးမရှိလောက်အောင် နာကျင်ခဲ့တယ်။

သိုသိပ်ဝှက်ကွယ်ခဲ့ရတဲ့ချစ်ခြင်းကပေးတဲ့မျက်ရည်ဘယ်လောက်များသည်းခဲ့လဲ ကွာဝေးခဲ့သောအတိတ်ရက်တွေအတွက် လှမ်းကြည့်နိုင်တဲ့အင်အားမရှိ ။ ရှက်ရွံ့စွာမျိုသိပ်ကြွေကွဲခဲ့ရတဲ့နေ့ရက်တွေကသိမ်ငယ်အောက်ကျလွန်းခဲ့တယ် ။ တစ်စက်ချင်းကျနေတဲ့ စက်တင်ဘာရဲ့မိုးစက်တွေသာစကားတွေအံကျနိုင်မယ်ဆိုရင် မိုးနဲ့ရောခဲ့တဲ့စက်တင်ဘာမျက်ရည်တွေအကြောင်းနာကျင်စွာဖွင့်ဟလိမ့်မယ်။ တစ်ခြမ်းပဲ့စွယ်တော်ရဲ့ငိုခြင်းတွေကိုစီကာပတ်ကုံးပြောပြလိမ့်မယ် ။ နာကျင်စွာကျဆုံးခဲ့တဲ့မိန်းကလေးတစ်ယောက်ရဲ့အတွင်းကြေနှလုံးသားအကြောင်းကို တမ်းတမ်းတတပြောပြလိမ့်မယ်။ စက်တင်ဘာမိုးစက်တွေအောက်မှာ တစ်စစီကွဲကြေသွားခဲ့တဲ့ပုံပြင်ဟောင်းလေးတစ်ပုဒ်ကို ဆွေးဆွေးမြည့်မြည့်ပြောပြလိမ့်မယ်။



9 thoughts on “စက်တင်ဘာမိုး”

  • စက်တင်ဘာမိုး အကြောင်းဖတ်ရင်း တစ်စုံတစ်ယောက်ကို သတိရသွား၍ ရင်ထဲမှာ မိုးသည်းထန်စွာရွာသွားပါတယ်။
    ညီမ ၊ အမ တန်းပလိတ်လဲထားတယ် ၊ အဆင်ပြေမပြေ လာကြည့်အုန်းနော်။

  • ဆုမြတ်ရေ စက်တင်ဘာမိုးကိုခံစားသွားတယ်နော်။ မလေးကတော့ မိုးကိုချစ်တတ်တော့ ငယ်ဘ၀လေးတောင် သတိရသွားပြီ။
    ချစ်တဲ့မလေး

  • အက်ဆေးကောင်းလေးပဲ ဒါမျိုးလေးတွေ ဘလော့ရွာမှာ မမြင်ရ မဖတ်ရတာ အတော်ကြာနေပြီ ကျေးဇူးဗျား…

  • စက်တင်ဘာ လနဲ့ စက်တင်ဘာမိုးလေးကတော့
    တကယ်ကိုကြေကွဲစရာလေးပါဘဲ

  • ချစ်ခြင်းတစ်ခုရဲ့ဖြူစင်ရိုးသားမှုက ရင်ခုန်သံထပ်တူကျသူအဖို့သာ။ …

    အဲဒီ့စာသားလေးကို အကြိမ်ကြိမ် ရွတ်ဆိုနေမိတယ်… 🙂
    စာလေးတွေ ပြန်ရေးလာတဲ့အတွက် ဝမ်းသာပါတယ် Sis.

    Yan.

  • စက်တင်ဘာမိုးစက်တွေအောက်မှာ တစ်စစီကွဲကြေသွားခဲ့တဲ့ပုံပြင်ဟောင်းလေးတစ်ပုဒ်ကို ဆွေးဆွေးမြည့်မြည့်ခံစားဖတ်လိုက်ရတယ် အက်ဆေးကောင်းလေးတွေလက်လက်ရေးနော်ဆုမြတ်ရေ
    ချမ်းမြေ့ပါစေလို့

  • လရိပ် စက်တင်ဘာမိုးကိုလာခိုသွားတဲ့အတွက်ကျေးဇူးပါနော်..

    မလေး ဆုမြတ်လည်းမိုးကိုအရမ်းချစ်ပါတယ် လာလည်တာကျေးဇူးပါနော်..မလေး ။

    ဦးဟန်ကြည် အားပေးတဲ့အတွက်ကျေးဇူးပါရှင့်

    ပစ်ပစ် စက်တင်ဘာမိုးကြီးရွာပစ်လိုက်တာ ခုမှအသစ်တင်နိုင်တယ်လေ… အားပေးတာကျေးဇူးနော် ပစ်

    ကိုရန်အောင် ကျေးဇူးတင်ပါတယ်နော်း)

    အမဂျက်- စာမရေးဖြစ်တာတော်တော်ကြာပြီ အားပေးတာကျေးဇူးပါနော်..

    မပိုး – ဟီး ခုမှစဲတယ်မပိုးရယ်…

    အားလုံးကိုကျေးဇူးတင်ချစ်ခင်လျက်
    ဆုမြတ်

Leave a Reply

Your email address will not be published.