ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦး

ဘဝဟာ ရေစီးကြောင်းလေးတစ်ခုလိုတောင်
ဖြောင့်အောင်မစီးတတ်ခဲ့ဘူး
တိုက်စားခံလိုက်ရတဲ့ ချောင်းကမ်းပါးလေးလိုပဲ
ဘဝအနားသတ်တချို့ဟာ ရေစီးနှင့်အတူ လုံးလုံးပါးသွားခဲ့
ရေကန်ထဲက လည်တံရှည်ငန်းရိုင်းလေးက ပြောတယ်
ဘဝဆိုတာ ဒီလိုပါပဲတဲ့
ပျံနိုင်တဲ့အထိ ပျံကြရဦးမှာပေါ့တဲ့
ဆော်လမွန်ငါးရဲ့အိမ်ပြန်ခရီးလောက် ဘယ်ကြမ်းတမ်းမလဲတဲ့
ဌာနီဆိုတာ ဘယ်လောက်ဝေးဝေး
မမေ့ကောင်းတဲ့ တစ်နေ့မှာ ဖြစ်အောင်ပြန်မယ်တဲ့
နွေဦးဟာ သာယာတယ်
နှင်းကို လွမ်းတိုင်း မျက်ရည်စို့တာ ဘယ်သူသိမလဲ
နွေဦးဟာ ခြောက်သွေ့တယ်
မိုးကို လွမ်းတိုင်း ကြိတ်ငိုတတ်တာ ဘယ်သူသိမလဲ
မရှိတဲ့အရာကို တမ်းတနေသရွှေ့တော့ ဘဝက ဘယ်အဆင်ပြေမလဲတဲ့
ငန်းရိုင်းလေးက ရင်ကွဲပက်လက်ပြောတယ်
တကယ်တော့ ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦးဟာလည်း
နည်းနည်းတော့ပူပြင်း ခြောက်သွေ့နေမယ်ထင်တယ်
သင်ဟာ တမ်းတတတ်ပါလား
သင့်လို တမ်းတတ်တဲ့သူတွေသိပ်ပေါတယ်
သင်ဟာ ကြိတ်ငိုတတ်ပါသလား
သင့်လို ကြိတ်ငိုတတ်တဲ့သူတွေသိပ်ပေါတယ်
သင်ဟာ ရှုံးနိမ့်ဖူးပါသလား
သင့်လို ရှုံးနိမ့်ဖူးတဲ့သူတွေသိပ်ပေါတယ်

…………………………

တိမ်စိုင်တွေနှင့်အတူ မျောလွင့်ချင်စိတ်ကိုမျိုသိပ်ထားရတဲ့
ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦးဟာလည်း ထင်သလောက်တော့ဘယ်ဟုတ်နိုင်ဦးမလဲ



1 thought on “ငန်းရိုင်းတစ်ကောင်ရဲ့ နွေဦး”

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.